မိမိကိုယ်ကို သံသယရှိခြင်း
မိမိကိုယ်ကို သံသယဝင်ခြင်းဆိုတာက မိမိနဲ့ပတ်သက်တဲ့ မည်မျှမှန်ကန်သော အကြောင်းအရာဖြစ်စေကာမူ မသေချာမရေရာနဲ့ မိမိဘာသာ မေးခွန်းထုတ်နေတတ်တဲ့ အခြေအနေဖြစ်ပါတယ်။၊ ယုံကြည်မှု၊ ခံစားချက်၊ ဆုံးဖြတ်ချက်၊ ရှုထောင့်အမြင်၊ အားလုံးဟာ သို့လောသို့လောနဲ့ စိတ်မတင်မကျဖြစ်နေတတ်ပါတယ်။
မိမိတို့ရဲ့ လုပ်ဆောင်နိုင်သောစွမ်းရည်အပေါ် တစ်ခါတစ်ရံ နိမ့်ကျတယ်လို့ မှတ်ယူကာ တစ်ခါတစ်ရံ ကောင်းမွန်တယ်လို့ ကောက်ချက်ချပါလိမ့်မယ်။ တစ်နည်းအားဖြင့် မိမိကိုယ်ပိုင် အရည်အချင်းကို ယုံယုံကြည်ကြည် မသတ်မှတ်နိုင်ဘဲ ချီတုံချတုံဖြစ်နေတာပါ။ ကိုယ့်ကိုယ်ကို မတည်ငြိမ်ဘူးဆိုတဲ့ ခံစားချက်ရနေတတ်ပါတယ်။
မိမိကိုယ်ကို သံသယများနေရင် ဘယ်လိုပြုမူတတ်ကြသလဲ?
ကိုယ့်ကိုယ်ကို သံသယများခြင်းဟာ မကျေနပ်စရာ အတွေ့အကြုံ ဖြစ်တဲ့အလျောက် လူတွေဟာ အလိုအလျောက် မသိစိတ်အလိုအရ တန်ပြန်ပြုမူတတ်တဲ့အချက်တွေ ရှိပါတယ်။
၁) မိမိတို့ရဲ့ အမှား၊ ရှုံးနိမ့်စေတဲ့ အကြောင်းအရင်းတွေကို မေ့ဖျောက်ဖို့ မိမိအား မကောင်းစေတဲ့အရာမှန်းသိလျက် အကြောင်းပြကာ အရက်၊ မူးယစ်ဆေးများ အလွန်အကျွံသုံးစွဲမယ်။ လိုအပ်ချက်ကို ပြုပြင်ဖြည့်စွက်ရမည့်အစား မှားယွင်းစွာ ပြုမူကြပါတယ်။
၂) မိမိကိုယ်ကို သံသယရှိနေတဲ့သူဟာ ကိုယ့်ရဲ့ပုံမှန် အားစိုက်ထုတ်မှုနဲ့ ကျွမ်းကျင်တတ်မြောက်မှုဟာ မလုံလောက်ဘူးလို့ ထင်နေတတ်ပါတယ်။ ဒါကြောင့် လိုတာထက်ပိုပြီး အားစိုက်ခွန်စိုက်လုပ်နေမိတတ်ပါတယ်။
၃) Imposter Syndrome: မိမိသည် အောင်မြင်မှုရသွားသည့်တိုင် “မိမိတို့ရဲ့ ရှိရင်းအရည်အသွေးကြောင့်ရတဲ့ ရလဒ် မဟုတ်ဘူး၊ ကောင်းကောင်းလုပ်နိုင်ခဲ့ပေမဲ့ အရည်အချင်းညီမျှသူတွေနဲ့ မယှဥ်နိုင်လောက်ဘူး” ဟု ဇဝေဇဝါ ဖြစ်ခြင်းဖြစ်ပါတယ်။ ကံကောင်းသွားလို့ ၊ တိုက်ဆိုင်သွားလို့ စသည်ဖြင့် တွေးထင်နေခြင်း မျိုးပါ။
၄) ကိုယ့်ယှဥ်ပြိုင်ဘက်က မညီမျှစွာနဲ့ အားသာချက်ရှိနေတဲ့အတွက် မိမိက ရှုံးနိမ့်ရပါတယ်လို့ မှတ်ယူတတ်ပါတယ်။
မိမိကိုယ်ကို သံသယ နည်းလား၊ များလား?
- “မကြာခဏဆိုသလို ကိုယ့်အရည်အချင်းကို မသေချာဘူး ဖြစ်နေပါသလား”
- “အရေးကြီးကိစ္စ စတင်တော့မည်ဆိုရင် ထွက်ပေါ်လာမည့်ရလဒ်အတွက် ယုံကြည်မှုရှိပါသလား”
ဒီမေးခွန်းလေးနှစ်ခုအတွက် မိမိဘာသာ ၁ မှ ၁၀ အမှတ်ပေးကြည့်ပါ။ အပေါ်မေးခွန်းမှာ အမှတ်များရင် ကိုယ့်အပေါ်မှာထားရှိတဲ့ ကိုယ့်သံသယတွေ လျော့ရတော့မယ် အောက်မေးခွန်းမှာ အမှတ်များရင်တော့ မိမိကိုယ်ကို သံသယနည်းပါတယ်။
ကိုယ့်ကိုကိုယ် သံသယစိတ်တွေ ရပ်တန့်ကြမယ်
တစ်ကယ်လို့များ ကိုယ့်ကိုယ်ကို သံသယစိတ်တွေများနေတယ် ဒါမှမဟုတ် ဒီလိုအတွေးမျိုးတွေဝင်နေမယ်ဆိုရင် အောက်ပါနည်းလမ်းတွေနဲ့ သံသယစိတ်ကို ရပ်တန့်နိုင်ပါတယ်။
- မိမိကိုယ်ကို အားဖြစ်စေမယ့် အပြုသဘောဆောင်တဲ့ စကားများ ပြောကြည့်ပါ။ မိမိတို့ရဲ့ စိတ်ကို ကြည်လင်ကောင်းမွန်စေတဲ့အပြင် လုပ်ဆောင်နိုင်မှုစွမ်းရည်ပါ မြင့်တက်လာမည်ကို တွေ့မြင်ရပါမယ်။
- မိမိတို့ရဲ့ အတွေးအမြင်တွေ ပြောင်းလဲသွားအောင်၊ ယုံကြည်မှုမြင့်မားလာအောင် ၊ အကောင်းမြင်စိတ်များ ကြီးထွားလာအောင် “ ငါက သန်မာတယ်။ ဒီအလုပ်ကို ငါလုပ်နိုင်တယ်” “ငါအကောင်းဆုံး လုပ်နေတယ်၊ ဒါဟာ လုံလောက်တယ်” “ ငါဟာ လုပ်တော့မယ်လို့ စိတ်ဆုံးဖြတ်ပြီး ဘာမဆို လုပ်နိုင်တယ်” အစရှိတဲ့ စကားကောင်းများ ထပ်တလဲလဲ ရွတ်ကြည့်ပါ။
- မိမိကိုယ်ကို ကြင်နာစွာ ဆက်ဆံတတ်ဖို့ လေ့ကျင့်ပါ။ ကိုယ်သည်လည်း အများကဲ့သို့ ကြင်နာစွာဆက်ဆံခံရဖို့ ထိုက်တန်တဲ့လူသားတစ်ယောက်ဆိုတာ မမေ့ပါနဲ့။
- စိန်ခေါ်မှုတွေနဲ့ အားနည်းချက်တွေကို အာရုံစိုက်မည့်အစား ကိုယ့်ရဲ့အားသာချက်၊ ကိုယ့်ခွန်အားကိုလည်း သတိတရ အာရုံစိုက်ရှာဖွေကြည့်ပါ။ သံသယတွေ နည်းလာပါလိမ့်မယ်။
ကိုယ့်ကိုကိုယ် ယုံကြည်စိတ် တည်ဆောက်ကြမယ်
ကိုယ့်ကိုယ်ကို ယုံကြည်မှုကို တည်ဆောက်နိုင်ဖို့လည်း တိုက်တွန်းချင်ပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ဟာ အရာအားလုံးကို ဖြတ်ကျော်စေနိုင်တာမို့ အောက်ကနည်းလမ်းတွေကိုလည်း ထပ်ဆောင်းပြောပြပေးချင်ပါတယ်။
- လုပ်မယ်လို့ ရာထားတဲ့အရာကို လုပ်ဖြစ်အောင်လုပ်ပါ။ မလုပ်လိုက်မိသည့်အတွက် ဘာတွေမှားသွားတယ်ဆိုတာ သုံးသပ်ပါ။
- ကိုယ့်ကိုကိုယ် ရိုးသားပါ။ ကိုယ် ဘာတွေးနေတယ်၊ ဘာခံစားရတယ်၊ ဘာလိုအပ်နေလဲ ဆိုတာတွေကို အချိန်ပေးပြီး ကိုယ့်ကိုကိုယ် မေးမြန်းဖော်ထုတ်ပါ။
- မှန်သည်ထင်တဲ့ အရာအတွက် ရဲရဲကြီး ပြုလုပ်လိုက်ပါ။ မိမိ တန်ဖိုးအတိုင်း ရှင်သန်ပါ။
ရေးသားသူ - Dr. MMT